မိုင်းပန် အောက်တိုဘာ ၁၀
လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ် က အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ပြည့်စုံစေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင်ပူးပေါင်း ဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အ.လ.က(ခွဲ)မြို့မ၊ Grade(9)မှ မောင်ဘုန်းခန့်မိုးဦး၊ မောင်ကျော်သူရိန်ဦး၊ မဖြူဇင်လင်းနှင့် မဇင်ဝေဝေအောင်တို့က လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးနှင့် လူငယ်နှင့်ကျန်းမာရေးစသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များအား ဦးဆောင်ဆွေးနွေးသူများနှင့် အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်သူဇာထွန်းက ကျောင်းသား/သူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)