ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကချင်တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များနှင့် တွေ့ဆုံ

မြစ်ကြီးနား အောက်တိုဘာ ၁၀

ကချင်တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝနှင့် စာပေယဉ်ကျေးမှုကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မနောကွင်းသန့်ရှင်းသာယာလှပရေးတို့ အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီက စီတာပူမနောကွင်းအတွင်းရှိ မနောအိမ်တော်၌ တိုင်းရင်း မျိုးနွယ်စု ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားအရေးအရာ ကိစ္စရပ်များအပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အတိုင်း တိုင်းရင်းသားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေး အနက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့ပြနှင့် ကျေးလက်ကွာဟမှု ကျဉ်းမြောင်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြှင့်မာရေးကို အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နေရာတွင် မိမိတို့အနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးရေး၊ စာပေယဉ်ကျေးမှု အဆင့်အတန်းမြင့်မားရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များတွင် နိုင်ငံတော် အစိုးရနှင့်အတူ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့အတူ ကချင်ပြည်နယ်အတွင်း မီတင်းနေထိုင်သည့် တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်သည့် ရိုးရာမနောကွင်း ၆၃ ဧက အကျယ် အား အစဉ်အမြဲ သန့်ရှင်းသာယာလှပနေစေရေး အလေးအနက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က တိုင်းရင်းသားမျိုးနွယ်စုများ အရေးအရာကိစ္စရပ်များအပေါ် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်းရှိ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာများ၊ စာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဖြေရှင်းဆောင်ရွက် နိုင်ရေး ပူးပေါင်းဆောင်ရွက်စေလိုသည့် ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး နှစ်ဦးတို့က တိုင်းရင်းသားမျိုးနွယ်စုများအတွက် ငွေကျပ် ၁၀ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ရာ မြန်မာနိုင်ငံ ကချင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇော်မိုးနော်က လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် မနောကွင်းအတွင်း ကွန်ကရစ်ထိုင်ခုံအလုံး ၂၀ လှူဒါန်းပေးခဲ့သည့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးတို့အတွက် ရိုးရာမဂွန်းရှလစ် (ကောက် ညှင်းပလိုင်း) ဖြင့် ဂါဝရပြုလက်ဆောင်ပေးအပ်ကာ မနောကွင်း သန့်ရှင်းသာယာလှပရေး၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာများအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ များ၏ ပူးပေါင်းကူညီမှုများကို ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့အတူ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေး၊ နေရပ် ကျေးရွာများတွင် ပြန်လည်အခြေချနေထိုင် နိုင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပြည်နယ် ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်း အင်ခိုင်ဘွမ်တောင်ခြေ၌ နေရပ် စွန့်ခွာပြည်သူများ ပြန်လည်နေရာ ချထားပေးသည့် ငွေပျော်စံပြကျေးရွာသို့ သွားရောက်ခဲ့ကြသည်။

အဆိုပါ ငွေပျော်စံပြကျေးရွာအတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားပေးနိုင်ရေး အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ၂၄ ပေ၊ ၁၈ ပေရှိ နေအိမ် ၁၀၂ လုံး တည်ဆောက်လျက်ရှိရာ နေအိမ်များ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်တည်ဆောက်လျက်ရှိသည့် အခြေအနေ များကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာပတ်ဝန်းကျင်တွင် လေပြင်းတိုက်ခတ်မှုမှ ကာကွယ်နိုင်ရေးနှင့် မိသားစုများ အလုပ်အကိုင်နှင့် ဝင်ငွေ တိုးပွားစေရေး ဝါးပင်များနှင့် နှစ်ရှည်သစ်ပင်များ စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါကျေးရွာအနီး စည်ပင်သာယာရေးအဖွဲ့၏ မြို့တွင်းမှ သိမ်းဆည်းထားသည့် အမှိုက်များ စွန့်ပစ်နိုင်ရေးအတွက် သတ်မှတ်လျာထားသည့် မြေဧက ၅၀ အား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး အဆိုပါ အမှိုက်ကျင်းမြေနေရာသို့ အမှိုက် သိမ်းယာဉ်များ ဝင်/ထွက်သွားလာနိုင်ရေးအတွက် လမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာတွက် ချက်တင်ပြရန် စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်