တွံတေး အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ဇွဲနှင့် ဤပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်- ၃ ဦးဇော်မိုးလွင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးအောင်ဖြိုးက စာရေးဆရာ အောင်သင်းရေးသားသည့် လူငယ်ဇွဲနှင့် ဤပညာစာအုပ်ထဲမှပါသည့် ယခုမှပညာသင်ရသည့်မဟုတ် စာပုဒ်ထဲမှ လူငယ်များကြိုးစားနေကြခြင်းကို တကယ်လေးစားပါကြောင်း၊ ယခုခေတ်လူငယ်များမှမဟုတ်ပါ၊ ရှေးခေတ်ကလူငယ်များလည်း အတုခိုးခဲ့ကြသည်။ ပညာသင်ယူခဲ့ကြကြောင်း၊ ယခုအခါလူငယ်များ စိတ်ဝင်စားလာကြသည့် နိုင်ငံတကာကုန်သွယ်မှု၊ ပြည်တွင်းပြည်ပရောင်းဝယ်မှုဆိုသည့်မှာ ဆံပင်ညှပ်တာမျိုး၊ ကိတ်မုန့်ဖုတ်တာမျိုး၊ ခေါက်ဆွဲကြော်တာမျိုးလောက်ပညာမျိုးမဟုတ်ပါ၊ ခုရေတွင်းတူး ခုရေကြည်သောက်ဆိုသလို ချက်ချင်းချမ်းသာကြွယ်ဝလာရန်စိတ်မကူးဘဲ ဧရာမပညာကြီးကိုလေ့လာရန် စွန့်စားဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ စာပေဗဟုသုတကိုလည်း မပြတ်ဆည််းပူးရလိမ့်မည်ဖြစ်ကြောင်း မျက်မြင်လက်တွေ့လောကကိုလည်း သုံးသပ်ရမည်ဖြစ်ကာ ဖွင့်အပ်သော နား၊ နိုးကြားမျက်စိ၊ သတိရှိသောစိတ်အစဥ်နှင့် ဤဧရာမပညာရပ်ကြီးကို ဆည်းပူးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ (Women Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေးက သူတို့သတ္တိသူတို့ဇွဲစာပုဒ်ထဲက စာရေးဆရာအောင်သင်းက သူဘာသာသူကလေးတွေ့နဲ့ စကားပြောနေတာ။ ငါတို့ကဘေးပရိတ်သတ်ပဲ ဘာဆိုင်တာမှတ်လို ခေါင်းစဥ်ကိုမြင်လိုက်တာနဲ့ ဘာတွေကိုရေးတော့မယ်ဆိုတာ မှန်းလိုရနိုင်ကြောင်း၊ သူတို့သတ္တိနှင့် သူတို့ဇွဲဆိုတဲ့အတိုင်း သူတို့အကြောင်းကိုလည်း ပြောချင်ကြောင်း၊ သတ္တိဆိုတာအခက်အခဲနဲ့ဒုက္ခအန္တရာယ်ကို ရင်ဆိုင်ဝံတဲ့ စိတ်ဓာတ်ဖြစ်ကြောင်း၊ ဇွဲဆိုတာကတော့ ကာလကြာရှည်ခံတဲ့သတ္တိပါပဲ။ ဘာကြောင့်လူငယ်တွေကို မျှော်လင့်ချက်ထားမိသလဲလို့မေးရင်တော့ ကိုယ်ဘဝကမျှော်လင့်ချက် ကြာလေနည်းလာလေဖြစ်လာတာကြောင်းပါပဲ။ ကိုယ့်ဘဝသက်တမ်းကျန်သမျှ အချိန်ကလေးအတွက်ကိုရော မျှော်လင့်အားကိုးမိတာကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွံတေးသား