မိုင်းနောင် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ Community Centerတွင် အပြည်ပြည်ဆိုင်ရာကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ ညနေ(၄)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဟောပြောပွဲ တက်ရောက်လာကြသော မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများက Community Centerတွင် ပြသထားသော နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ကြည့်ရှုပြီး စာတိုက်တာဝန်ခံ ဦးစိုင်းဘိုနီက မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ စာပို့သမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ခဲ့သည့် အကြောင်းများ၊ နိုင်ငံခြားစာပို့ဌာန စတင်တည်ထောင်နိုင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာအမြန်စာပို့လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သည့်အကြောင်းများ၊ ယခုလက်ရှိစာတိုက်လုပ်ငန်းဝန်ဆောင်မှုများနှင့် တံဆိပ်ခေါင်း၊ ပို့စကတ်အသုံးပြုပုံများအား ရှင်းလင်းဟောပြောပေးကြောင်း သိရှိရသည်။
ဆက်လက်၍ စာတိုက်တာဝန်ခံ ဦးစိုင်းဘိုနီက မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် ပို့စကတ်များကို အမှတ်တရလက်ဆောင်
ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)