မိုင်းဖြတ်မြို့နယ်၌  အယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး အသိပညာပေးဟောပြော

မိုင်းဖြတ် အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  အယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးနှင့် ဝက်များတွင်ဖြစ်ပွားတတ်သည့် အာဖရိကအပြင်းဖျားဝက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၀ရက်နေ့၊ နံနက် ၁၀နာရီက ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာရှိ ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ကျိုင်းတုံမြို့၊ တွဲဘက်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊  ဒေါက်တာမျိုးနိုင်က အယ်နီညိုကြောင့် ရာသီဥတုပြောင်းလဲသက်ရောက်မှုများ၊ အယ်လ်နီညိုကြောင့် မွေးမြူရေးလုပ်ငန်းတွင် သက်ရောက်လာနိုင်မှုအခြေအနေများ၊ ကြိုတင်ပြင်ဆင်ထားရန်အချက်များနှင့် သတင်းစကားများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တာချီလိတ်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ တင်ကိုကိုက   ဝက်များတွင် ဖြစ်ပွားတတ်သည့် အာဖရိကအပြင်းဖျားဝက်ရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ခြင်းကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်း က ကာကွယ်ထိန်းချုပ်ခြင်းအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းဟောပြောခဲ့ ကြောင်း သိရသည်။

ယင်းနောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့ တစ်နိုင်တစ်ပိုင်မွေးမြူထားသည့် တိရစ္ဆာန်များတွင် ဖြစ်ပွားသည့် ရောဂါအခြေအနေများကို ပြောကြားခဲ့ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းက ဖြစ်ပွားသည့် ရောဂါများပေါ်မူတည်၍ ဆက်သွယ်အကြောင်းကြားရေး၊ လိုအပ်ပါက ဆေးဝါးကုသရေးလုပ်ငန်းများကို (အခမဲ့) ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)