နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေနှင့် သတ္တသတ္တာဟဟောစေတီ မိဂဒါဝုန်ဘေးမဲ့တောဥယျာဉ်အနီး သဲနှုန်းများအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေး

ဇေယျာသီရိ အောက်တိုဘာ ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါ၍ မိုးရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှုမဖြစ်စေရေးအတွက် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် တမံကြံ့ခိုင်မှုအခြေအနေများအား ယမန်နေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိပြီး ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲ၊ တမံအတွင်းရေဝင်ရောက်မှုအခြေအနေများနှင့် တမံကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး  ပေါင်းလောင်းရေလှောင်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိကာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ မှုဦးစီးဌာန၊ တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပေါင်းလောင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ ပေါင်းလောင်းရေလှောင်တမံသည် ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ရေစတင်သိုလှောင်သည့် ၂၀၀၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ၁၉ နှစ်တာကာ လအတွင်း ရေပိုလွှဲမှ ၁၆ နှစ် ရေကျော်ခဲ့ကာ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ နှစ်များတွင် ရေကျော်ခဲ့ခြင်းမရှိသည့် အခြေအနေများ၊ ယခုနှစ် ၄ လက်မခန့် ရေစတင်ကျော်ခဲ့သည့်အခြေအနေများ၊  ရေပိုလွှဲ၏ အများဆုံး ရေကျော်နိုင်မှု အမြင့်ပေ ၂၁ ပေ သတ်မှတ်ထားရှိသည့် အခြေအနေများ၊ ယနေ့ အောက်တိုဘာ ၉ ရက်နေ့တွင် ရေကျော်အမြင့် ၂ ပေသာရှိနေသည့်အတွက် ပုံမှန်ရေကျော်နေမှု ပမာဏသာဖြစ်သည့် အခြေအနေများ၊  ပေါင်းလောင်းရေလှောင်တမံနှင့် ရေပိုလွှဲသည် အလွန်မာကျောသည့် Granite ကျောက်သားပေါ်တွင် တည်ဆောက်ထားသည့်အတွက် တမံနှင့် ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေများနှင့် ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံမှ တပ်ဆင်အင်အား ၇၀ မဂ္ဂါဝပ် လေးလုံဖြင့် နှစ်စဉ်ပျှမ်းမျှ ဓာတ်အား  ၉၁၁ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လုပ်ပေးလျက်ရှိသည့် အခြေအနေများအား တင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုရှိစေရန်နှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုကို စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည်များ အစဉ်အမြဲ လုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၌ အောက်တိုဘာ ၈ ရက်နေ့ည ၉ နာရီခွဲအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် သတ္တသတ္တာဟဟောစေတီ မိဂဒါဝုန်ဘေးမဲ့တောဥယျာဉ်အနီး ကားလမ်းမကြီးပေါ်တွင် တင်ကျန်နေသည့် သဲနှုန်းများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်း လင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဒုတိယမြိုတော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထိုနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် သပြေစန်းဆည် ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်ပတ်လမ်းများအား သန့်ရှင်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)