မုဒုံ အောက်တိုဘာ ၁၀
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၃) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် အထက်တန်းပြ ဆရာမတစ်ဦးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတိုးပွားစေပြီး ပြန်လည်မျှဝေပေးနိုင်ရန်၊ ကျောင်းသား/သူအချင်းချင်း စည်းလုံးညီညွတ်၍ ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ် အား/ကာမှူးတို့က ဆောင်ရွက်ပေးခဲ့ပြီး မောင်ရဲလင်းထက် (Grade- 11)က လူငယ်နှင့်အားကစား၊ မောင်ပိုင်ဇင်ဦး(Grade-10 )က လူငယ်နှင့်ပညာရေး၊ မကြည်ဖြူမွန် (Grade-10)က လူငယ်နှင့်ယဥ်ကျေးမှု၊ မအေးနဒီအောင် (Grade-11)က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)