သံဖြူဇရပ် အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ဖြစ်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ သီရိမြိုင်ရပ်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ဒေါ်ဝင်းလွင်လွင်သိမ့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသားလူငယ်များ ဗဟုသုတကြွယ်ဝပြီး အတွေးအခေါ်မြင့်မားသည့် လူတော်လူကောင်းများဖြစ်လာစေရန်၊ အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးတတ်သည့် အလေ့အကျင့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးသီက အစီအစဥ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး အ.လ.က(သီရိမြိုင်)ကျောင်းမှ Grade-9 ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးသီက ပြန်လည်ဖြေကြား ဆွေးနွေးပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)