မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းတက်ရောက်

မော်လမြိုင် အောက်တိုဘာ ၁၀

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏အထင်ကရ ကမ္ဘာကျော်ထင်ရှားသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေးအတွက် အစည်းအဝေးကျင်းပရခြင်းကြောင်း၊‌ စေတီတော်ဩဝါဒစရိယ ဆရာတော်များ၏ လမ်းညွှန်မှုကိုခံယူပြီး စေတီတော်ဂေါပကအဖွဲ့အား စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းရွေးချယ်စေရေး၊ တောင်တက်မော်တော်ယာဥ်များ ကြံ့ခိုင်မှုရှိစေရေး၊ တောင်တက်လမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်ပိတ်‌ပေါင်းများ ရှင်းလင်းစေရေး၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ မိလ္လာနှင့်အမှိုက်များ စနစ်တကျစွန့်ပစ်‌စေရေး၊ smoking free zone ဖြစ်ပေါ်လာစေရေး အားလုံးဝိုင်းဝန်းပူး‌ပေါင်းအကြံပြု ဆွေးနွေးကြစေလို‌ကြောင်း ပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်းက ဘုရားဖူးလာပြည်သူများ လုံခြုံစိတ်ချအေးချမ်းသာယာစွာ ဖူးမြော်နိုင်ရေး၊ တောင်တက်မော်တော်ယာဉ်များ စနစ်တကျသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်စေရေး အမှာစကားပြောကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမြတ်သွင်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂ဝ၂၃-၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်‌အောင်မြင်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပြီး ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးကျော်နိုင်ထွန်း (ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်အနီးကပ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃-၂ဝ၂၄ ခုနှစ်၊ ဘုရားပွဲတော်ရာသီတွင် ဈေးဆိုင်ခန်းများ၊ အခြားလုပ်ငန်းများမှ ဘုရားအလှူငွေများပေးသွင်းခြင်းနှင့် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ တောင်တက်ကားလမ်းအသုံးပြုခြင်းအတွက် လမ်းကြေးနှင့်ဂိတ်ကြေးများ ပေးသွင်းနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် အနီးကပ်ကြီးကြပ်မှုကော်မတီဝင်များမှ လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အကြံပြုဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)