ပြင်ဦးလွင် အောက်တိုဘာ ၁၀
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် လင်းလက် ကြယ်စင်ဟိန်းကိုယ်ပိုင် အထက်တန်းကျောင်း ရွှေကံ့ကော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဦးတင်အေးက ဖြည့်စွက်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာမှ ကျောင်းသား/သူများဖြစ်သည့် မောင်ဟိန်းဆက်ဗိုလ်က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရှိန်းဝေယံက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကြည်စင်သန့် “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဝေဝေထွန်းက “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် Moderatorတို့က ဖြည့်စွက်ဆွေးနွေးဖြေကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဂုဏ်ပြုမှတ်တမ်းတင် လက်မှတ်များပေးအပ်ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက လင်းလက်ကြယ်စင်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီအောင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ လူငယ်စကားဝိုင်းအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့်တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာကိုရွှေအောင်သင်း၊ ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌဒေါ်အေဇင်မေ၊ လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ချုပ်သူ ဆရာမကြီး ဒေါ်မေမီအောင်၊ တာဝန်ခံ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြူလူသစ်(ခရိုင်၊ပြန်/ဆက်)