ရန်ကုန် အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တိရစ္ဆာန်များထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် မွေးမြူတောင်သူများကို ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နွားများကို ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို အောက်တိုဘာ ၈ ရက်နေ့နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ် ကွမ်းခြံကုန်းကျေးရွာအုပ်စု အုန်းပင်စုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်သည်။
ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ တိရစ္ဆာန်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း၊ သဘာဝဘေးအန္တရာယ်မကျရောက်မှီ ကြိုတင်ပြင်ဆင်ရမည့် အချက်များအကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်နေစဉ်ဆောင်ရွက်ရမည့် အချက်များအကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရမည့်အကြောင်း၊ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ဟောပြောသည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ကျေးရွာအတွင်းရှိ နွားများကို ဖြစ်ပေါ်လေ့ရှိသည့် ရောဂါများမှ ကာကွယ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုက်ကြီးမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာချမ်းမြေ့ကျော်နှင့် ဝန်ထမ်းများက နွားကောင်ရေ (၁၅၀)အား လည်ချောင်းကွဲရောဂါ ကြိုတင်ကာကွယ်ဆေးများကို စနစ်တကျကွင်းဆင်း ထိုးနှံပေးနေသည်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)