သံတွဲမြို့၌ ဒွါရာဝတီကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

သံတွဲ အောက်တိုဘာ ၁၀

သံတွဲခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဘောလုံးဝါသနာရှင်များ စုပေါင်းကျင်းပသည့် ဒွါရာဝတီကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက သံတွဲခရိုင် မြို့မအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်အလံအားအလေးပြုကြပြီး သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်အား စုပေါင်းရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် ဒွါရာဝတီကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအား သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စင်တော်ကောက်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းရွှေက ကလပ်အသင်း (၁၃)သင်းအတွက် ထောက်ပံ့ငွေတစ်သင်းလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် (၁၃)သိန်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီသို့တစ်သိန်း စုစုပေါင်း (၁၄)သိန်းအား ပေးအပ်လှူဒါန်းရာ ပြိုင်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်မောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ကလပ်အသင်း(၁၃)သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး အောက်တိုဘာ ၅ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်ပတ်လျှင် (၃)ရက်ဖြင့် (၃)လကြာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)