ဂွမြို့ ဒေါင့်ချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ဂွ အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဂွမြို့၊ ဒေါင့်ချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာဗဟုသုတများ ပိုမိုရရှိစေပြီး တစ်ဦးနှင့်တစ်ဦးအသိပညာ အတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်းရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည် ပြည့်ဝလာမည်ဖြစ်ကြောင်း  လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဇော်ဝင်းက လူငယ်နှင့်အားကစားကဏ္ဍအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီးဒေါင့်ချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-10 ကျောင်းသား/ကျောင်သူများဖြစ်ကြသော မောင်ညိမ်းညိမ်းချမ်းအောင်က လူငယ်နှင့်အားကစားဖွံ့ဖြိုးတိုးတက်မှု၊ မောင်အောင်မျိုးပိုင်က လူငယ်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ မခင်သီတာမောင်က  ပညာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်မှု၊ မနှင်းအိဝေက ပညာရေးနှင့်ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်း စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဒေါင့်ချောင်းအ.ထ.က(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းနုက လူငယ်စကားဝိုင်းအား ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒေါင့်ချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ  ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်