ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ၌  ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ  ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  ကျင်းပခဲ့သည်။                   

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာ၌ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအစီအစဉ်သည် ပြည်တွင်းဈေးကွက်တွင် အရည်အသွေးပြည့်မီသော ထုတ်ကုနပစ္စည်းများကို သက်သာသောနှုန်းထားဖြင့် ပြည်သူများအတွက် ရောင်းချနိုင်ရေး မိရိုးဖလာလုပ်ငန်းများအပါအဝင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စနစ်တကျ လေ့လာသင်ယူသွားကြရန် မှာကြားခဲ့ပြီး နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)ဒေါ်ငြိမ်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များအား စီမံကိန်းဝတ်စုံများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 

အဆိုပါသင်တန်းတွင် ညောင်လူးအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၁၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာ (၃)ဦးမှ တစ်သျှူးဘောက်ပြုလုပ်နည်း၊ မီးအိမ်ပြုလုပ်နည်း၊ ကုလားထိုင်ပြုလုပ်နည်း စသည့်ဘာသာရပ်များကို အောက်တိုဘာလ ၉ ရက်နေ့ မှ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီ မှ ညနေ၄နာရီခွဲထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)