မိုင်းဆတ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အယ်နီညိုဖြစ်စဉ် အကျိုးသက်ရောက်မှုကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ ရေရှားပါးမှုတွေ့ကြုံနိုင်ခြင်းတို့ကြောင့် မိမိတို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်၊ စက်သုံးဆီဆိုင်များအနေဖြင့် အယ်နီညိုဖြစ်စဉ် အပူချိန်ကြောင့် ဒေသတွင်း မီးလောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရေး အထူးဂရုပြုကြရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်လိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အယ်နီညိုဖြစ်စဉ် အကျိုးသက်ရောက်မှုများ၊ ရေချိုရှားပါးမှုဖြစ်စဉ်များ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်မှု ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အယ်နီညိုဖြစ်စဉ် အကျိုးသက်ရောက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)