ဟိုပုံး အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်က ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့မှ ပြိုင်ပွဲဝင်အသင်းများ၊ ပြိုင်ပွဲပြုလုပ်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့် ဌာနဆိုင်ရာများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းမှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဒေသခံပြည်သူများ ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဟိုပုံးမြို့နယ်မှ ဘောလုံးအသင်း(၇)သင်း၊ ဆီဆိုင်မြို့နယ်မှ ဘောလုံးအသင်း(၃)သင်း၊ ပင်လောင်းမြို့နယ်မှ ဘောလုံးအသင်း(၂)သင်း စုစုပေါင်းပြိုင်ပွဲဝင်ဘောလုံးအသင်း(၁၂)သင်းဖြင့် အောက်တိုဘာလ (၁၅)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)