ပင်းတယ အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် ဒီနှစ် ပဲစင်းငုံ (၂) ဧကကို အစေ့ထုတ်ပြောင်းနဲ့ သီးညှပ်အနေနဲ့စိုက်ပျိုးခဲ့ပါတယ်။ တစ်ချို့ တောင်သူတွေက သီးသန့်စိုက်ပျိုးကြပါတယ်။ အခုအခါ အသီးအပွင့်တွေနဲ့ အောင်မြင်ဖြစ်ထွန်းနေပြီး သီးနှံခူးဆွတ်တဲ့အချိန် ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ်” ဟု ပဲစင်းငုံစိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောသည်။
ပင်းတယမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြရာ၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး ထွက်ရှိလာသည့် ရာသီအလိုက်သီးနှံများကို အောင်ပန်းမြို့ပွဲရုံများမှတစ်ဆင့် မြန်မာနိုင်ငံမြို့ကြီးများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)