တန့်ယန်းမြို့နယ်တွင် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လှည့်လည်ကြည့်ရှု အားပေး

တန့်ယန်း အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့တွင် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၅)ရပ်ကွက်အတွင်းရှိ “ဆင်လင်းအောင်”နှင့် “နဂါးနီ” တိုင်းရင်းဆေးထုတ်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြည့်ရှုစစ်ဆေးအားပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦးနှင့် တာဝန်ရှိ ဌာနဆိုင်ရာများက အမှတ်(၅)ရပ်ကွက်အတွင်းရှိ “ဆင်လင်းအောင်”နှင့် “နဂါးနီ” တိုင်းရင်းဆေးထုတ်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးကာ တိုင်းရင်းဆေးဖြစ်သည့်အတွက် မိမိ၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ ဝယ်ယူစားသုံးမှုကို မျှမျှတတဖြစ်စေရေး၊ ထုတ်ပိုးမှုစနစ်အား အထူးကရုပြုကာ စံချိန်စံနှုန်းကောင်းမွန်စွာ ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြား၍ လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)