လားရှိုးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

လားရှိုး အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ ပညာပါရမီကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ လားရှိုးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် တိုင်းမှူးက ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပေးရခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများက ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် ငါးဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ကျောင်းသားသုံးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ကျောင်းသား(၁၃)ဦးတို့ကိုလည်းကောင်း ပညာရည်ချွန် ပထမဆုရ ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ ပညာရည်ချွန် ဒုတိယဆုရ ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ ပညာရည်ချွန် တတိယဆုရ ကျောင်းသား၊ ကျောင်းသူ (၈)ဦးတို့ကိုလည်းကောင်း၊ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများနှင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို  ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ပါသည်။

ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ထူးချွန်သော ပညာရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာအောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများအား စားသောက်ဖွယ်ရာများပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)