သာကေတ အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့သည့်အခါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ကာ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan)အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းမှ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ (Kaera Caravan) အစီအစဉ်ကို ကျောင်းသား၊ ကျောင်းသူများက အဖွဲ့လိုက်ဂိမ်းကစားနည်း၊ လက်တွေ့အသုံးချနည်းများ အသိပညာပေး လက်တွေ့သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan) လက်တွေ့အသုံးချနည်း ရုပ်ပြပွဲအား နံနက်(၉:၀၀)နာရီမှ နေ့လည် (၁၂:၀၀)နာရီအထိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြင့်ပြသခြင်း၊ အဖွဲ့လိုက်ဂိမ်းကစားခြင်းများ ဆောင်ရွက်ရာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးမှ လက်တွေ့သရုပ်ပြခြင်းတွင် ပါဝင်ခဲ့လေ့လာခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)