ကျောက်တလုံးကြီး အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြား နိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် လူသားကောင်းများဖြစ်ထွန်းစေရန်၊ ငယ်စဉ် ကတည်းက စာဖတ်ခြင်းကို မွေ့လျော်ပျော်ပိုက်ပြီး စာဖတ်လိုသည့် အလေ့အထရရှိစေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ အားလပ်ချိန်ကို စနစ်တကျမှန်ကန်စွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လည် (၁)နာရီက အခြေခံပညာမူလတန်းကျောင်း နောင်ယာဆိုင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စာပေ၏ အရေးပါမှု၊ စာပေမတတ်မြောက်ခြင်း၊ ဗဟုသုတနည်းပါးခြင်းကြောင့် ဖြစ်ပေါ်တတ်သော ဆိုးကျိုးများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် တန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန် ကိုယ်ကျင့်တရား ကောင်းမွန်ရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပုံပြင်များပြောပြပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစား နားထောင်၍ လေ့လာမှတ်သားခဲ့ကြသည်။
ဆက်လက်၍ နံရံကပ်စာစောင်ခင်းကျင်းပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲအား ကျင်းပရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
သန္တာဝင်း(ပြန်/ဆက် )