ကော့မှူး အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ယမန်နေ့နံနက်က စာပေချစ်မြတ်နိုးသူများ Book Club အသင်း အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတအတွေးအမြင်များရရှိစေရန် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးခင်ဇော် (ခင်ဇော်ကော့မှူး)က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ထဲမှ မှားမှာကိုမကြောက်ပါနဲ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့မှကို ရန်နိုင်အောင်က “လူငယ်နှင့်စူးစမ်းလေ့လာမှုများခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အသင်းမှအဖွဲ့ဝင် ဦးမြလင်းက “ပညာရေးအစစာအုပ်များဖြင့် အစပြုပါခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် Book Club အဖွဲ့ဝင်ဦးခင်ဇော် (ခင်ဇော်ကော့မှူး)က ဦးဆောင်ဆွေးနွေးရာ မှားမှာကြောက်ပြီး မလုပ်သူတွေအများကြီးရှိကြောင်း၊ တစ်ချိန်က မြန်မာဝန်ထမ်းလောကမှာတောင် မလိုလားအပ်တဲ့စကားတစ်ခုထွင်ခဲ့သေးတယ်၊ “မလုပ်၊ မရှုပ်၊ မပြုတ်”တဲ့၊ လူငယ်တွေအလုပ်ထဲဝင်ရောက်လာတဲ့အခါ အလုပ်ကို ကြိုးစားသင်ယူတတ်ကြကြောင်း၊ ဒီလိုသင်ယူဖို့ အလုပ်များများလုပ်ကြတယ်၊ ဒါပေမဲ့မူလရှိနေသူ လူအများကသူတို့ကိုနှိမ်ကြတယ်၊ အလုပ်ဝင်ခါစလူသစ်တွေကို“ New broom Sweeps better”လို့နှိမ်ကြကြောင်း၊ မင်းတို့တစ်တွေဟာ တံမြက်စည်းအသစ်တွေ လှည်းလို့ကောင်းကောင်းနဲ့ အလှည်းခံရတာပေါ့လို့ ပြောကြကြောင်း ဒီအခါတက်ကြွစွာ အလုပ်လုပ်ကြတဲ့ အလုပ်ဝင်တဲ့လူငယ်တွေ စိတ်ပျက်သွားကြကြောင်း၊ အလုပ်လုပ်လည်းဒီလခ၊ မလုပ်လည်းဒီလခဆိုပြီး အလုပ်ကိုခိုကပ်လာကြတယ်၊ သူတို့ရှေ့က လူဟောင်းဝန်ထမ်းကြီးတွေရဲ့ မလုပ်၊ မရှုပ် မပြုတ်လမ်းစဉ်ကို လိုက်လာကြကြောင်း၊ ဒါဟာနိုင်ငံတော်ကိုသာမက မိမိကိုယ်ကိုလည်း မိမိဖျက်ဆီးတာဖြစ်ကြောင်း၊ တကယ်တော့ပုဂ္ဂလိကဖြစ်စေ၊ အစိုးရဌာနဖြစ်စေဌာနတစ်ခုခုမှာ အလုပ်ဝင်လုပ်တဲ့အခါ အဲဒီဌာနဟာ မိမိရဲ့မိသားစု (Family)ပဲဆိုတာကို မမေ့ဘဲ မိသားစုစိတ်ဓာတ်ထားရှိရမှာဖြစ်ကြောင်း၊ အမှားကိုဝန်ခံခြင်းဟာ အရေးအပါဆုံးသော သိက္ခာရှိတဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ လူတွေကမှားတတ်တာပဲ အောင်မြင်မှုတွေအားလုံးဟာ အမှားကရတဲ့သင်ခန်းစာတွေနဲ့ တည်ဆောက်ထားတာဖြစ်ကြောင်း၊ ကျွန်တော်မှားသွားပါတယ်လို ပြောရဲသူအင်မတန်နည်းကြောင်း၊ ဒီတော့ဒီလိုလူမျိုးဟာ အမှားထဲကနေအမြတ်မထွက်ဘူး၊ အရှုံးပဲရှိကြောင်း၊ လူငယ်တွေကိုပြောချင်တယ်၊ မှားတယ်ဆက်ကာမှားတယ်၊ ဒါပေမဲ့မှားတာကိုဝန်ခံပါ၊ အလုပ်လုပ်ပါ၊ အောင်မြင်မှာပါ၊ ဘယ်မှာလုပ်လုပ် မိသားစုစိတ်ဓာတ်ထားပါ၊ မှားမှာကိုမကြောက်ပါနဲ့လို့ ဆွေးနွေးပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)