သံတွဲ အောက်တိုဘာ ၉
ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် မုန့်စားပြိုင်ပွဲနှင့် အပ်ချည်ထိုး ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ကလေးငယ်များအတွက် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ စည်းမျည်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကိုကျင်းပပြုလုပ်ကြရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးလာရောက်၍ပျော်ရွှင်စွာ ယှဉ်ပြိုင်ကြသည်။
ထို့အပြင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)