မုံးကိုးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပြီးစီး

မုံးကိုး အောက်တိုဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား အောက်တိုဘာ(၁)ရက်နေ့မှစ၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို ကွင်းဆင်းလိုက်လံ ထိုးနှံပေးခဲ့ပါသည်။

အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို မုံးကိုးမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်ထက်ထက်မြအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက (၁-၉-၂၀၁၁)ရက်မှ (၃၁.၈.၂၀၁၄)ရက်အတွင်း မွေးဖွားသူ အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များကို ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမှီ သက်ဆိုင်ရာ တာဝန်ရှိ အတန်းပိုင်ဆရာ/ဆရာမများက ကျောင်းသူ၏  အမည်၊ အဖအမည်နှင့် ပြည့်ပြီးအသက်တို့ကို စာရင်းကောက်ယူပြီး ကျောင်းသူတစ်ဦးချင်းဆီကို ထိုးနှံပေးလျက်ရှိကာ ကာကွယ်ဆေးထိုးနှံပြီးစီးသော ကျောင်းသူများကို နာရီဝက်ခန့် ဆေးထိုးရာနေရာစုရပ်တွင် ခေတ္တအနားယူစောင့်ဆိုင်းစေပြီး ကာကွယ်ဆေးနှင့်မတည့်၍ ဖြစ်တတ်သော ယားယံခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းမူးဝေခြင်းတို့ကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ဆရာမများက ကြည့်ရှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယင်းသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ကို မုံးကိုးမြိုး အ.ထ.ကကျောင်းမှ ကျောင်းသူ (၅၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

မုံးကိုး(ပြန်/ဆက်)