လားရှိူး အောက်တိုဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့နယ် ခေးနင်းကျေးရွာတွင် စိုက်ပျိုးဖြစ်ထွန်းသော ဆောင်းသီးနှံဘိုစားပဲများ စတင်ထွက်ရှိနေပြီဖြစ်ပြီး တစ်ပိဿာလျှင် နှစ်ထောင်ကျပ်အထိ စျေးကောင်းရရှိခြင်းကြောင့် စိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်က ရာသီသီးနှံ ဟင်းသီးဟင်းရွက်စိုက်ပျိုးပါတယ်။ စိုက်တာကတော့ ရာသီချိန်နဲ့ ကိုက်တယ်။ စျေးကွက်မှာလည်း စားသုံးသူများပြားတဲ့ သီးနှံတွေကို ရွေးချယ်စိုက်ပါတယ်။ အခုကတော့ ၄၅ ရက် ဘိုစားပဲ စတင်ထွက်ရှိနေပါပြီ။ ဘိုစားပဲက စထွက်တာဆိုတော့ စျေးကောင်းလည်းရတယ်။ တစ်ပိသာကို နှစ်ထောင်ကျပ်ရပါတယ်။ အရင်နှစ်ကထက် စျေးပိုရတယ်။ ပြီးခဲ့တဲ့ ရာသီကတော့ တစ်ပိဿာကို ၁၇၀၀ ကျပ်အထိပဲ စျေးရတယ်။ ဘိုစားပဲသီးကို စိုက်ပျိုးတဲ့အခါမှာတော့ ဘောင်စနစ်နဲ့စိုက်တယ်။ စိုက်ပျိုးပြီး ၁၀ ရက်သား လောက်ဆိုရင် တိုင်ထောင်ပေးရတယ်။ ရက် ၂၀ သားလောက်ဆိုရင်တော့ ပေါင်းရှင်းပေးရတယ်။ ပိုးမကျအောင်လို့တော့ ဂရုစိုက်ပေးရတယ်။ တစ်လသားကျော်ရင်တော့ အသီးအပွင့်စလိုက်တယ်။ ၄၅ ရက်ပြည့်ရင်တော့ စတင်ခူးရောင်းလို့ရပါတယ်။ အခုကတော့ တစ်ရက်ခြားတစ်ခါ ခူးတယ်။ တစ်ခါခူးရင်တော့ ၁၅ ပိဿာကနေ ၂၀ ပိဿာအထိရပါတယ်။ စျေးကောင်းလည်းရတဲ့အတွက် အဆင်ပြေပါတယ်။ ပြီးတော့ ကျွန်တော်ကအခြား သီးနှံတွေဖြစ်တဲ့ မုန်လာဥ၊ ပန်းမုံလာ၊ ကန်ဇွန်းနဲ့ မုန့်ညှင်းဖြူလည်း စိုက်ပျိုးထားပါတယ်” ဟု စိုက်ပျိုးသူ ဦးလှထွေးက ပြောသည်။
ယခုအခါ လားရှိူးစျေးကွက်သို့ မန္တလေးနှင့် ပြင်ဦးလွင်ဒေသထွက် ဟင်းသီးဟင်းရွက်များလည်း လားရှိုးမြို့သို့ နေ့စဥ်ဝင်ရောက်နေသော်လည်း ဒေသတွင်း ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များမှာ လတ်ဆတ်မှုရှိသောကြောင့် လူကြိုက်များကာ ရောင်းအားပိုကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ဘိုစားပဲသီးအား စားသုံးခြင်းဖြင့် ကယ်လိုရီနည်းပြီး ဘေးထွက်ဆိုးကျိုးများဖြစ်စေသည့် ပြည့်ဝဆီများ မပါဝင်ခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ခန္ဓာကိုယ်ကို အကျိုးပြုစေသည့် ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် သတ္တုဓါတ်တို့လည်း ကြွယ်ဝစွာပါဝင်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)