နမ္မတူ အောက်တိုဘာ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မေတ္တာရောင်ပြန် ကျောင်းသားကျောင်းသူဟောင်းများအဖွဲ့မှ နမ္မတူမြို့နယ်အတွင်း နေထိုင်လျက်ရှိသော ပညာရေးဌာနမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား တစ်လလျှင်တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် တတိယအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီခွဲအချိန်က နမ္မတူမြို့နယ် သန္တိသစ္စာတရားရိပ်သာ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက မြတ်ဆရာသီချင်းအားသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး အငြိမ်းစားဆရာမကြီး ဒေါ်နန်းကြာအုံက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မေတ္တာရောင်ပြန် ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းမြစိန်က အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား တစ်လလျှင်တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် တတိယအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကာ အလှည့်ကျ ဆရာကြီး၊ ဆရာမကြီး (၇)ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၄၃ ဦးတို့အတွက် သီးသန့်အလှူရှင်တစ်ဦးမှ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြောင်း မေတ္တာရောင်ပြန် ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းကြည်လေးထံက သိရသည်။
လူမော် (ပြန်/ဆက်)