လှည်းကူး အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ ထူးချွန်ထက်မြက်သည့် အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာ အထက်တန်းကျောင်း (လှည်းကူး)တို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားရာတွင် ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်များပေါ်ထွန်းလာစေရန်၊ အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အနာဂတ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့်လူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အသိပညာပေဟောပြောပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာဦးရန်နိုင်ဦး (ခ)ချစ်သဲဖြူ (ကော့ကရိတ်)က လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် လည်းကောင်းအသိညာပေး ဟောပြောခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း (လှည်းကူး)မှ ကျောင်းသား/သူ (၇) ဦးတို့က ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ စာပေမြင့်မှလူမျိုးတင့်မည်၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ပညာရဲရင့်ပွဲလယ်တင့်၊ မူးယစ်ရန်စွယ်တို့ကာကွယ်၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့၊ ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ ချစ်မြတ်နိုးစရာ မြန်မာ့အနုပညာအစရှိသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး အခြေခံပညာအထက်တန်းကျောင်း (လှည်းကူး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဘေဘီက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များ ပြသပေးရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ မြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အ.ထ.က(လှည်းကူး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၃၁၄)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)