မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ အကဲဖြတ်ပညာရှင်ကြီးများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မန္တလေး အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်)တွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် အကဲဖြတ်ပညာရှင်ကြီးများအား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး)မှပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားး ပြောကြားသည်။ ၄င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲများတွင် ဘာသာရပ်အလိုက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် အကဲဖြတ်ဒိုင်အဖွဲ့ဝင်ဖြစ်သည့် အကဲဖြတ်ပညာရှင်ကြီးများအား ဂုဏ်ပြုငွေကျပ်(၆၃)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ပြီးဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကာ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)