ကျောက်မဲ အောက်တိုဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှုးကျင်းပသည့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၉ နာရီ ၃၀မိနစ်အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ အုပ်စုမှမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝေမာထွန်းက မေးခွန်းလွှာများ ရှင်းလင်းသရုပ်ပြခြင်း၊ Mobile phone တွင် Commcare application အသုံးပြု၍ စာရင်းရေးသွင်းခြင်း၊ လက်တွေ့လေ့ကျင့်ပေးခြင်း လုပ်ငန်းစဥ်အဆင့်ဆင့်တိုကို သင်ကြားပို့ချပေးခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်၊ အုပ်စု(၁၄)အုပ်စု၊ ကျေးရွာ(၄၃)ရွာမှ တိရစ္ဆာန်ကောင်ရေစာရင်းများကို ကောက်ယူသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့တွင် ပိန္နဲကုန်းကျေးရွာနှင့် ကုန်းဆာကျေးရွာတို့ကို လက်တွေ့ သွားရောက် ကောက်ယူခဲ့သည်။
ထိုသို့ ကောက်ယူရခြင်းမှာ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေစာရင်း တိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်းများ မှန်ကန်မှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင် သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)