စစ်တွေ အောက်တိုဘာ ၉
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ် ထီးတော်တင်လှူနိုင်ရေးနှင့်ဓမ္မာရုံပြန်လည်ပြုပြင်နေမှု ကြည့်ရှုပြီး စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပသော တိုင်းရင်းသားလူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ဝဲသလုံးတော်ဓာတ်စေတီတော်သို့ သွားရောက်ပြီး ဗုဒ္ဓဆင်းထုတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူဒါန်းပူဇော်ပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုဒဏ်ကြောင့် လက်ဝဲသလုံးတော်ဓာတ်စေတီတော်၏ ထီးတော်မြေခခဲ့မှုနှင့် စေတီတော်အတွင်းရှိဓမ္မာရုံ ပျက်စီးခဲ့မှုအား လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ဓမ္မာရုံအတွင်း၌ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့်တွေ့ဆုံပြီး စေတီတော်အား ထီးတော်တင်လှူပူဇော်နိုင် ရေးနှင့် ဓမ္မာရုံပြုပြင်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ ယင်းနောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)မှ စေတီတော်ဘက်စုံ ပြုပြင်နိုင်ရန်အတွက် အလှူငွေကျပ်သိန်း(၅၀)အားပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ထီးတော်တင်လှူနိုင် ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ကန်တော်ကြီးသို့သွားရောက်ပြီး ရေသိုလှောင်ထားရှိမှု၊ ရေဖြန့်ဝေပေးနေမှုနှင့် ရေဖြည့်တင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့်ကွန်ပျူတာ တက္ကသိုလ်(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းသားလူငယ်များအတွက် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများသည် မတူကွဲပြားသည့်ယဉ်ကျေး မှု၊ ရိုးရာဓလေ့၊ ထုံးတမ်း၊ ကိုးကွယ်သောဘာသာ သာသနာများရှိကြသော်လည်း နှစ်ပေါင်းများစွာအတူတကွယှဉ်တွဲ ပေါင်းစည်းနေထိုင်ခဲ့ကြသည့် သာဓကများလည်း အများကြီးရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများအားလုံး ပညာရေး၊ ကျန်းမာရေးစသည်တို့ ပါဝင်သည့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် အခြေခံကောင်းများရရှိစေရေး အကောင်အထည် ဖော်ရာတွင် ရခိုင်ပြည်နယ်တွင် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ရာ ကွန်ပျူတာသင်တန်း တက်ရောက်လိုကြောင်း အဆိုပြုထားကြသဖြင့် ယခုကဲ့သို့ အခြေခံကွန်ပျူတာသင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊အတတ်ပညာကို သင်ယူရာတွင် စနစ် တကျတလေးတစားကြိုးစားလိုက်နာ သင်ယူကြရန်လိုကြောင်း၊ ယခုသင်တန်းတွင် ကျွမ်းကျင်စွာတတ်မြောက်သွားသည့် သင်တန်းသား၊ သင်တန်းသူများကို စိစစ်ရွေးချယ်ပြီး ဆုများချီး မြှင့်သွားမည်ဖြစ်ကြောင်း၊ ကွန်ပျူတာပညာရပ်သည် လုပ်ငန်းတိုင်းတွင် ခေတ်မီ နည်းပညာအဖြစ်မရှိ မဖြစ်အရေးပါပြီး အသုံးပြုလျက်ရှိကြောင်း၊ လက်ရှိကာလ လူမှုစီးပွားဆောင်ရွက်မှုတိုင်း တွင် ကွန်ပျူတာ သတင်းအချက်အလက်နည်းပညာနှင့်ကင်းကွာ၍ မရနိုင်သဖြင့် မိမိတို့တက်ရောက်ရမည့် ပညာရပ်၏ အရေးပါမှုကို သိရှိထားရမည်ဖြစ်ကြောင်း၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း စေတနာထား ကာ သင်ကြားပေးကြရန်နှင့် သင်ယူကြမည့် တိုင်းရင်းသားသင်တန်းသား၊ သင်တန်းသူ များအနေဖြင့်လည်း စည်းကမ်းတကျ နည်းလမ်းကျနစွာ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြား သည်
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းပြောကြားပြီး ကွန်ပျူတာတက္က သိုလ်(စစ်တွေ) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက သင်တန်းတွင် ပို့ချမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ရှင်းလင်း တင်ပြသည်။
ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကွန်ပျူတာသင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၁၄၅ သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပေးအပ်ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက လက်ခံရယူပြီး ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က လည်ဇောင်လာပါပြည်ဓညာ သီချင်းဖြင့်ကပြဖျော်ဖြော်ကာ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ တိုင်းရင်းသားလူငယ်များအား တက္ကသိုလ်မှ ဆရာ၊ ဆရာမများက သင်တန်းပို့ချပေးနေမှုအား ကြည့်ရှုပြီး တိုင်းရင်းသားလူငယ်များကို ရင်းရင်းနှီးနှီးတွေ့ဆုံအား ပေးစကားပြောကြားကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ နေပြည်တော်၌ကျင်းပမည့် NCA(၈)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် သွားရောက်ဖျော်ဖြေကြမည့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့အားတွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားကာ ထောက်ပံ့ငွေ များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)