သီပေါ အောက်တိုဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထွန်းက အစားအသောက်နှင့်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သတိပြုလိုက်နာရမည့် အချက်များနှင့်စားသုံးသူများ၏ အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မြပွင့်ဖြူက ရေဘေးနှင့်ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်များကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အိအိမျိုးက လျှပ်စီးလက်ခြင်းနှင့်မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)