ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဗန်းမော်      အောက်တိုဘာ    ၂၀

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏အစီအစဉ်ဖြင့်  ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ဗန်းမော်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရုံးခန်းမ၌ ယနေ့ နေ့လယ် ၁  နာရီခန့်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားကို  Video Conferencing  အစီအစဉ်ဖြင့် Banquet  Hall , Myanmar  International  Convention  Center (MICC) 2 နေပြည်တော်တွင် ကျင်းပသည့် ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းဗီဒီယိုကို ပြသခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထည့်သွင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဗန်းမော်မြို့နယ်တွင် ဖွင့်ပွဲအနေဖြင့် အသက်  ၉ နှစ်မှ ၁၀ နှစ်ထိ မိန်းကလေးငယ် (၅) ဦးကို ကာကွယ်ဆေးထိုးနှံပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ ဗန်းမော်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာမင်းဇော်အေး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်လေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့သည်။

အဆိုပါ အိတ်ချ်ပီဗီကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ပြီး နှစ်စဉ် ထိုးနှံ ပေးမည်ဖြစ်ကြောင်း၊ အသက်  ၉ နှစ်မှ ၁၀ နှစ်ထိ မိန်းကလေးငယ်များကို တစ်ကြိမ်နှင့် တစ်ကြိမ်(၁၂) လခြားပြီး (၂) ကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဗန်းမော်မြို့နယ်တွင် အောက်တိုဘာ ၂၁ ရက်နေ့မှစတင်၍ အောက်တိုဘာ ၃၀ ရက်နေ့ အထိ ထိုးနှံပေးသွားမည်ဖြစ် ကြောင်း ဗန်းမော်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)