နမ့်ခမ်းမြို့တွင် ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

နမ့်ခမ်း အောက်တိုဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ညဏ်ရည်ညဏ်သွေး မြင့်မားလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်စာအုပ် စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံလာစေရေး၊ ပြောဆိုဆွေနွေးတတ်သည့် အလေ့အထများ၊ အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေးအတွက် လူငယ်စကားဝိုင်းများ၊ လူငယ်အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် ယခုအသိပညာပေးဟောပြောပွဲမှရရှိသည့် အသိပညာဗဟုသုတများကို မိမိနှင့်မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိရှိ ကြံဆအသုံးပြုတတ်စေရန် လိုအပ်ပါကြောင်းနှင့် ယခုလိုအသိပညာပေးဟောပြောပွဲများကိုလည်း ဆက်လက်ကျင်းပပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းအရာနှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် သုတ/ရသစာပေများ၊ မဂ္ဂဇင်းများ၊ ရုပ်ပြပုံပြင်များ၊ က‌လေးကဗျာများစသည့် ကလေးများ အသိပညာဗဟုသုတမြင့်မားတိုးတက်စေမည့် စာအုပ်စာပေများကို ခင်းကျင်းပြသထားရာ ကျောင်းသား‌၊ ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်းနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရှိရပါသည်။

နမ့်ခမ်း(ပြန်/ဆက်)