နမ္မတူ အောက်တိုဘာ ၂၀
နမ္မတူမြို့နယ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နေ့လည် (၁)နာရီအချိန် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရှိ နားနေဆောင်ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဆွေးနွေးရာတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက် က သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေများ၊ ကမ္ဘာတစ်ဝန်းလုံး အသက်အလိုက်တွက်ချက်ထားသော သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနှုန်းများ၊ အိတ်ချ်ပီဗီပိုး ကူးစက်ပျံ့နှံ့ခြင်း၊ အိတ်ချ်ပီဗီပိုးကူးစက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ၊ အိတ်ချ်ပီပိုးနှင့် ကင်ဆာများဆက်စပ်ပုံ၊ သာအိမ်ခေါင်းကင်ဆာ အထိဆက်လက်ဖြစ်ပေါ်လာပုံ၊ သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ သားအိမ်ခေါင်း ကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ၊ သာအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့် ကုသခြင်း၊ အိတ်ချ်ပီဗီကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ဆွေးနွေးဟောပြောခဲ့သည်။
နမ္မတူမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များကို ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို အောက်တိုဘာလ (၂၀)ရက်နေ့မှစတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် ထိုးနှံပေးသွားမည်ဖြစ်ပြီး (၆)လမှ (၁၂)လအတွင်း ဒုတိယအကြိမ်ထိုးနှံခြင်း ပေါင်း (၂)ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ထိုးနှံပြီးပါက သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုအား ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက် ထံက သိရသည်။
လူမော် (ပြန်/ဆက်)