ဝိုင်းမော် အောက်တိုဘာ ၉
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာရှိ သာသနာ့ရက္ခိတ ကျောင်းတိုက်ဝင်အတွင်း အသစ်တည်ဆောက်သွားမည့် “အာသောက” ကျောင်းဆောင်သစ် တည်ဆောက်လှူဒါန်းနိုင်ရေး ပထမအကြိမ်မြောက် မတည်အလှူတော်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတိုက်ဝင်းအတွင်းရှိ ယာယီမဏ္ဍာပ် တွင် ကျင်းပပြုခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် “အာသောက”ကျောင်းဆောင်သစ် တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်စိုးက သာသနာ့ရက္ခိတ ကျောင်းတိုက်တွင် လက်ရှိကျောင်းထိုင်ဆရာတော် သီတင်းသုံးလျက်ရှိသည့် ကျောင်းဆောင်မှာ သက်တမ်းကြာမြင့်ပြီး အသုံးပြုထားသည့် သစ်များမှာလည်း ဆွေးမြေ့နေခြင်းကြောင့် ယခုကဲ့သို့ ကျောင်းဆောင်သစ်တည်ဆောက် လှူဒါန်းရန်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ကျေးရွာနေ ပြည်သူများအနေဖြင့် ယခုကဲ့သို့ ကျောင်းဆောင်သစ်တည်ဆောက်ရာ၌ ပထမအကြိမ်မတည်အလှူငွေပေးအပ်ကြသည့် ကျောင်းအလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ ကျောင်းဆောင်ဖြစ်မြောက်ရေး အလှူရှင်များမှ ဆက်လက်လှူဒါန်းနိုင်ရေး နှိုးဆော်ပါကြောင်း ရှင်းလင်းပြောကြားပြီး ကျပ်သိန်း (၁၀၀) မတည်အလှူရှင်များဖြစ်သည့် ဒေါ်မြင့်ရီမိသားစုနှင့် ဦးလှမိုး + ဒေါ်ခင်ခင်လင်း မိသားစုနှင့် ဦးကြည်စိုး + ဒေါ်ချိုအေးမိသားစုမှ အလှူငွေကျပ်သိန်း (၂၀) နှင့် စေတနာရှင်ပြည်သူများမှ အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကာ ကျောင်းဆောင်သစ်တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းလိုက်ခဲ့သည်။
ဖြူစင်