ရသေ့တောင် အောက်တိုဘာ ၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုရန်ပုံငွေဖြင့်ရခိုင်ပြည်နယ် အတွင်းဆောင်ရွက်မည့် လုပ်အားခပေးဖွံ့ဖြိုးရေး (Cash for Work)စီမံကိန်းကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး(နည်း)မှ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စဥ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်များမြှင့်တင်ပေးရန်နှင့် လုပ်အားခပေးဖွံ့ဖြိုးရေး (Cash for Work) စီမံကိန်းကျေးရွာအဆင့် စီမံခန့်ခွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်လုပ်အားခပေးဖွံ့ဖြိုးရေး (Cash for Work)စီမံကိန်ဆောင်ရွက်မည့် ကျေရွာများဖြစ်သည့် ဆင်ပိုက်ကျေးရွာ၊ တန်းအေးကျေးရွာ၊ ကံပြင်(အလယ်ရွာ)ကျေးရွာ၊ ပြင်ဝန်းကျေးရွာနှင့်ရန်အောင်ပြင်ကျေးရွာများမှ လုပ်ငန်းကော်မတီဝင်များအား သင်ကြားပေးခဲ့ပြီး မနက်ဖြန်တွင် နှမ်းခင်းကျေးရွာ၊ ဇီကိုင်းကျေးရွာ၊ဆားပြင်ကြီးကျေးရွာနှင့် ကျွန်းကြီးကျေးရွာရှိ လုပ်ငန်း ကော်မတီဝင်များအားသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)