မြစ်ကြီးနားမြို့ (Community Centre) ၌ အဆင့်မြင့်စက်ချုပ်နည်း သင်တန်းစတင်ဖွင့်လှစ်

မြစ်ကြီနား အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ (Youth Centre)တွင် ဒေသခံပြည်သူများ မိသားစုတဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်းကာ အဆင့်မြင့်စက်ချုပ်နည်းသင်တန်းကို အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်သည်။

အဆိုပါ သင်တန်းတွင် အခြေခံစက်ချုပ်နည်းသင်တန်းပြီးစီးထားသည့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ(၁၈)ဦးတို့အား မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ နည်းပြဆရာမ(၂)ဦးက အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ရင်စေ့၊ ရင်ဖုံး၊ ဘေးဇစ်၊ နောက်ဇစ်၊ လေးလွှာစကပ်၊ ချိတ်ထမီ၊ လူကြီးဝတ် သင်္ဘောသားအင်္ကျီ၊ လူကြီးဝတ်သားရေကြိုးတပ်ဘောင်းဘီအရှည်၊ ဟာဝေယံရှပ်အင်္ကျီ၊ မိန်းမဝတ်စတစ်ကော်လံ၊ ဂျပန်လည်ထောင်၊ ဖြတ်စက်အင်္ကျီ၊ ဂါဝန်နှင့် ပခုံးလျှောချုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနားမြို့ (Community Centre)ရှိ (Youth Centre)၌ အောက်တိုဘာလ ၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များ၌ ဒေသခံပြည်သူများ မိသားစုတဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ လက်ကိုင်လက်ဆွဲအိတ် (အကြီး၊ အသေး) ချုပ်နည်းများကို စာတွေ့ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)