ဗန်းမော် အောက်တိုဘာ ၉
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်နှင့်အားကစားရေးရာဝန်ကြီးဌာန(ဗန်းမော်ခရိုင်)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခန့်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "ကျောင်းသား၊ ကျောင်းသူလူငယ်များအား ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိမည့်စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူအများရှေ့တွင် ပြောဆိုဆွေးနွေးတတ်စေရန် မူးယစ်ဆေးဝါး၏ဆိုးကျိုးကို သိရှိပြီးဝေးဝေးမှ ရှောင်ရှားတတ်စေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ဖြစ်ကြသည့် Grade-11 ကျောင်းသူ မမရန်ဆိုင်းမိုင်က "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-11 ကျောင်းသား မောင်အောင်မျိုးအေးက "လူငယ်နှင့် စိတ်ဓာတ်ခွန်အား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ထွန်းဇေယျာက "လူငယ်နှင့်စာဖတ်ခြင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျေင်းသူ မဆွေဆွေအောင်က "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မသဇင်အောင်က "လူငယ်နှင့်အားကစား"ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်းဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ လူငယ်နှင့်အားကစားရေးရာဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးကြည်စိုးက အားကစားနှင့် ပက်သက်သည့် ဗဟုသုတဉာဏ်စမ်းမေးခွန်း(၁၀)ခုကို မေးမြန်းပြီး အဖြေမှန် ဖြေဆို နိုင်သည့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လဘန်အားဘူထံအားကစားပစ္စည်းများပေးအပ်လှူဒါန်းသည်။ ထို့နောက် ဦးဆောင်ဆွေးနွေးသူ ဦးအောင်ကျော်ထွန်းကစကားဝိုင်းနှင့်ပက်သက်၍နိဂုံးချုပ်သုံးသပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်