တပ်ကုန်း အောက်တိုဘာ ၂၀
နေပြည်တော် တပ်ကုန်းမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် (HPV)သားအိမ် ခေါင်းကင်ဆာကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်းနှင့် မြို့နယ်အဆင့် အသိပေးရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အသိပေးရှင်းလင်းရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်းဗီဒီယို ပြသပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် (HPV)ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူများအား ပညာပေးဗီဒီယိုကို ပြသခဲ့သည်။ ထို့နောက် မြို့ပေါ်ရှိ အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်(၁၀)ဦးအား (HPV) သားအိမ်ခေါင်း ကင်ဆာ ကင်းဝေးစေရေးအတွက် ပထမအကြိမ် (HPV)ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း၍ အသက်(၉) နှစ်မှ(၁၀)နှစ်ထိ အမျိုးသမီးငယ်ပေါင်း (၂၃၇၅)ဦးကို အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်၍ အောက်တိုဘာ လ(၃၁) ရက်နေ့ထိ ကာကွယ်ဆေးထိုး နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်