ငါန်းဇွန် အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များနှင့်ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပါဝင်ယှဉ်ပြိုင်ပုံ၊ အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၂၀)ဦး၊ ပုံပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၁)ဦးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၁၀)ဦး တို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများအပြီးတွင် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား /ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော သုတ/ရသ စာအုပ်/စာစောင်များအား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)