မဟာအောင်မြေ အောက်တိုဘာ ၉
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃၃) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၃၃)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန်းခင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗလငါးတန်းနှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားမှသာ အမှားအမှန် ဝေဖန်နိုင်မည်ဖြစ်ကြောင်း၊ လူအများရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ ပညာတတ်မှသာလျှင် အရာရာ ဝေဖန်ပိုင်ခြားနိုင်မည်ဖြစ်ပြီး ပညာမြှင့်မှလူမျိုးတင့်မည်ဆိုသည်အတိုင်း ငယ်စဉ်အခါပညာကို ဂရုတစိုက်၊ စနစ်တကျလေ့လာသင်ယူသင့်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ အားကစားနှင့်ပတ်သက်သည်များ ရှင်းလင်းပြောကြားပြီး အားကစားပစ္စည်းများအား ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့လှူဒါန်း ခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်၊စာစောင်များအား ကျောင်းသား/သူများမှ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန်းခင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀)ဦးတက်ရောက်ကြောင်း သိရသည်။
အောင်ဇော်မင်း