ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆင်အကအလှပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ဇော်ဦးက ဆင်အကအလှပြိုင်ပွဲကို ယခင်နှစ်များအတိုင်း သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆင်အကအလှပြိုင်ပွဲအား စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့မိ၊ မြိုဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆင်အကအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲတွင်အခက်အခဲများရှိပါက ဆွေးနွေးတင်ပြကြစေလိုကြောင်းနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရေးဦးစီးကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ပြိုင်ပွဲဝင်စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော မြို့မိ၊မြိုဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆင်အကအဖွဲ့များက မိမိတို့တာဝန်ယူဆောင်ရွက်ရသွားမည့် လုပ်တာဝန်များအား ဆွေးနွေးတင်ပြကြရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဆင်အကအလှပြိုင်ပွဲတွင် ဘော်ကြယ်ဆင်(၃)စီး၊ ရိုးရာ(လူကြီး)ဆင်(၃)စီး၊ ရိုးရာ(ကလေး)ဆင်(၄)စီး၊ သဘာဝတီထွင် ဆန်းသစ်မှု ဆင်(၂)စီး စုစုပေါင်း ဆင်အစီးရေ(၁၂)စီးပါဝင်ယှည်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဆင်အကအလှပွဲတော်ကြီး စည်းကားသိုက်မြိုက်စေရေးအတွက် ဗဟိုမဏ္ဍပ်နှင့်မြို့တွင်းလှည့်လည်ဧည်ခံဆင်(၃)စီး၊ မြို့မဈေးကြီးအား(၃)ပတ်ပတ်၍ ကပြဖျော်ဖြေဆင်(၅၀)စီးတို့မှ ကပြဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်