မိုးညှင်း အောက်တိုဘာ ၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရား၏ အင်းရေပြင်၌ သီတင်းကျွတ် လပြည့်ညတွင် ဆီမီး(၁၅၀၀)မီးမျှောပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဆီမီးများမီးမျှောပူဇော်ပွဲကို နှစ်စဉ်အစဉ်အလာမပျက် ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်သည့် အနေနဲ့ အင်းတော်ကြီးဒေသအတွင်းရှိ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပလေ့ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ရှမ်းအိုးစည်ဗုံမောင်းနဲ့ စည်စည်ကားကားဖြင့် ဆီမီးတစ်ထောင် မီးမျှောပူဇော်လေ့ရှိကြပြီး လာသမျှ ဘုရားဖူးပြည်သူတွေကို အလှူရှင်များက အာဟာရဒါန မုန့်များဖြင့် ကျွေးမွေးဧည့်ခံလျက်ရှိပါတယ်။ နှစ်ပေါင်း (၇၀) ကျော်တိုင်ကျင်းပခဲ့တဲ့ ဒီယဉ်ကျေးမှုဓလေ့ကိုလည်း ယခုနှစ်မှာ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပြီး၊ ယခုနှစ်တွင် ဆီမီးခွက် (၁၅၀၀)ကို ဘုရားရေပြင်ပတ်လည်နဲ့ လှေအပေါ်များမှလည်း မီးမျှောပူဇော်သွားကြမှာ ဖြစ်ပြီး လက်ရှိမှာ ဆီမီးမျှောဖို့အတွက် ဆီမီးခွက်တွေပြုလုပ်တာတွေ ဘုရားအနီးသန့်ရှင်းရေး ပြုလုပ်တာတွေရှိနေပါပြီ”ဟု မြို့နယ်သာသနာရေးမှူး ဦးအောင်သူဖြိုးက ပြောသည်။
အဆိုပါ ဆီးမီးမီးမျှောပူဇော်ပွဲ ကျင်းပကြရာတွင် အင်းတော်ကြီးဒေသရှိ အင်းပတ်လည်တွင်ရှိသော လုံးတုံကျေးရွာ၊ နန့်မီးလောင်ကျေးရွာ၊ လွဲမွန်ကျေးရွာ၊ နန့်ပတဲကျေးရွာ၊ မမုန်ကိုင်ကျေးရွာနှင့် မိုင်းနောင်ကျေးရွာတို့မှ ရွာသူရွာသားများနှင့် ဘုရားသို့လာရောက်ဖူးမြော် ကြည်ညိုကြမည့် ဘုရားဖူးပြည်သူများက သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးများလာရောက် မီးမျှောပူဇော်ကြခြင်းအပြင် ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများဖြင့် ပူဇော်ကြခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ကြခြင်းများကို နှစ်စဉ်ပြုလုပ်လျက်ရှိကြပြီး အလှူရှင်များကလည်း လာသမျှဘုရားဖူးပြည်သူများကို အာဟာရဒါနမုန့်များဖြင့် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် အလျား(၁၆)မိုင်ရှည်လျားပြီး အနံ(၈)မိုင်ကျယ်ဝန်းကာ မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အလှဆုံးသမိုင်းဝင်ရေအိုင်ကြီးလည်းဖြစ်၍ ကမ္ဘာပေါ်တွင်ရှားပါးသည့် သားငှက်မျိုးစုံနှင့် ငါးမျိုးစိတ်များစွာ ကျင်လည်ကျက်စားလျက်ရှိသော ဒေသတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း