ရခိုင်ပြည်နယ် မောင်တောမြို့၌ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်

မောင်တော    အောက်တိုဘာ   ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို  ယနေ့ နံနက် ၉ နာရီအချိန်  အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနေဦးက အမှာစကားပြောကြားရာတွင် လူမှုသဟဇာတဖြစ်ရေးသည် မြန်မာနိုင်ငံမှ အင်မတန် အရေးပါပြီး လိုအပ်တဲ့ ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ မတူကွဲပြားခြင်းများဟာ နေရာတိုင်းမှာရှိပြီး လူတစ်ဦးနှင့် တစ်ဦး ကျား၊ မ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ သင်ကြားခဲ့သည့် ပညာရပ်များ၊ လူမျိုး ဘာသာ စသည့်ဖြင့် မတူမှုများစွာ ရှိတဲ့ အတွက်  လူမှုရေးပဋိပက္ခများမှာ အမြဲဖြစ်ပေါ်နေမည်ဖြစ်ပြီး လူမှုသဟဇာတဖြစ်နိုင်ဖို့ အလွန်ခက်ခဲပါကြောင်း၊  လူတစ်ဦးနှင့်တစ်ဦး ပြဿနာ မဖြစ်ပွားအောင်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရခိုင် ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး  ဦးမြင့်ဇော်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် နည်းပြ နှစ်ဦးက သင်တန်းပို့ချမည် ဖြစ်ရာ သင်တန်းကို ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ သင်တန်းသား၊ သူစုစုပေါင်း  ၃၅ ဦးတက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များအနေဖြင့်သင်တန်းမိတ်ဆက်နှင့် လူမှုသဟဇာတသဘောတရားများ၊ လူမှုသဟဇာတ အဓိကအစိတ်အပိုင်းများနှင့် ကိုယ်ပိုင်ဝိသေသ လက္ခဏာများ၊ ပုံသေအယူအား  ကြိုတင်မှန်းဆချက်နှင့် ခွဲခြားဆက်ဆံမှု ပဋိပက္ခဖြစ်စဉ်များ၊  လူအခွင့်အရေး၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် လူမှုသဟဇာတများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းကာလမှာ   သုံးရက်တာပို့ချမည် ဖြစ်သည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး၊ ပြည်နယ် လူမှုဝန် ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)