မောင်တော အောက်တိုဘာ ၉
ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့နယ်အတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်းအား မြို့မအနောက်ရပ်ကွက်အတွင်း ကောက်ကွက်တစ်ကွက်တွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့ အစည်းများ ပါဝင်သော စာရင်းကောက်ယူရေးအဖွဲ့များမှ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို Mobile Tablet များ အသုံးပြုပြီး CAPI နည်း စနစ်ဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်းစာရင်း ကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်စည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ရပ်ကွက်နေ ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။ မောင်တောမြို့နယ်အနေဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ခံနေမှုကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ မြို့မအနောက်ရပ်ကွက် ကောက်ကွက် တစ်ကွက် နှင့် မင်္ဂလာကြီးကျေးရွာ အုပ်စုတွင် ကောက်ကွက် ၅ ကွက်ရှိပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူများနှင့် လူမှုရေးအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းစာရင်းကောက်ယူရေးအဖွဲ့ဝင်များက တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်ယူလျက်ရှိရာ စနစ် တကျ တိကျမြန်ဆန်စွာ ကောက်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မောင်တောမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် မင်းဗာကြီးဆောက်လုပ်ရေးကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၉၈၂.၂၂၄ ကျပ်သန်းဖြင့် ဆောင်ရွက်နေသည့် မြို့နယ်ခန်းမအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးတာဝန်ခံမှ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုတင်ပြခဲ့သည်။ တင်ပြ ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ် ခန်းမအားသတ်မှတ် ကာလအတွင်း သတ် မှတ်စံချိန်၊ စံညွန်းအရည်အသွေးပြည့်မှီစွာဖြင့် ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး မြို့နယ်ခန်းမ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တော မြို့နယ်အတွင်း မျက်စိအထူးကုဆရာဝန်ကြီးအဖွဲ့မှ ကွင်းဆင်းကာ မျက်စိတိမ်ရောဂါဖြစ်ပွားနေသူ ပြည်သူများကို အခမဲ့ ခွဲစိတ်ပေးခဲ့နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ဆက်လက်၍ ခွဲစိတ်ပြီးပြည်သူများကို သွားရောက် တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားကာ နေကာမျက်မှန်နှင့် အာဟာရ ဖြည့်စွက်စာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသလူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ကျောင်းသူများ နေ့လည်စာ စားသုံးနေမှုအား လှည့်လည်ကြည့်ရှုကာ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ပေးအပ်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)