ဟိုပုံး အောက်တိုဘာ ၈
သူ့နာမည်က မာရီဂိုလ်းပါ။ ထပ်တရာပန်း၊ ဒေပါလီ၊ ရွှေတဆုပ်၊ ကုလားပန်းစသည့်ဖြင့် ဒေသအလိုက် အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယခုနှစ်မှ စတင်စမ်းသပ်စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ မာရီဂိုလ်းပန်းကို ဧပြီလ သင်္ကြန်ပြီးကာလ တွင် စတင်ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း တစ်လဝန်းကျင်ရှိသောအချိန်တွင် ပြောင်းရွေ့စိုက်ပျိုးရ သည်။ စတင်စိုက်ပျိုးပြီး (၂)လအကြာတွင် ပန်းပင်လယ်ဟု တင်စားရလောက်အောင် ပန်းများလှိုင်လှိုင် ဖူးပွင့်သည်။ ထိုပန်းများစတင်ဖူးပွင့်ချိန်မှစ၍ ဟိုပုံးမြို့နှင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၊ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်အပန်းဖြေခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်းများဖြင့် စိတ်နှလုံးကြည်နူး မှုကို ပေးနိုင်သည့် ဈေးကွက်ဝင်ပန်းအလှ တစ်မျိုးဖြစ်ခဲ့သည်။
မာရီဂိုလ်းပန်းခင်းကြီးရှိရာ ဟိုပုံးမြို့နယ်တွင် ရေပန်းစားလှသောကြောင့် လတ်တလော လူမှုကွန်ရက်စာမျက်နှာ (Social Media)၏ စာမျက်နှာပေါ်တွင် အဝါရောင်နေ့ရက်များဟု ပြောစမှတ်ပြုခဲ့သည်။ ဧက(၂၀)စမ်းသပ်စိုက်ခင်းတွင် စိုက်ခင်းအလယ်၌ အပန်းဖြေရန် တဲအိမ်အလှ ပြုလုပ်ထားပေးခြင်း၊ မြင်းစီး၍ အလှပုံရိုက်ကူးလိုသူများအတွက် မြင်းငှားရမ်းပေးခြင်း၊ ပန်းခြင်းပြုလုပ်ပေးခြင်း၊ ပန်းကုံး အလှပြုလုပ်ပေးခြင်း၊ ပအိုဝ်းရိုးရာဝတ်စုံငှားရမ်းပေးခြင်းတို့ကြောင့် ခရီးသွားပြည်သူများ စိတ်တိုင်းကျ ပုံဖော်ရိုက်ကူးနိုင်ခြင်းဖြင့် ဆွဲဆောင်မှုရှိလှသည်။
မာရီဂိုလ်းပန်းကို ဘိုကာရှီသဘာဝမြေဩဇာဖြင့်သာ စိုက်ပျိုးရပြီး အပင်သက်တမ်း နှစ်လကျော်တွင် ပန်းများလှိုင်လှိုင်ဖူးပွင့်သည်။ ပန်းပွင့်များကို စတင်ခူးဆွတ်ချိန်တွင် (၈)ရက်တစ်ကြိမ် ခူးဆွတ်သည်။ တစ်ကြိမ်ခူးဆွတ်လျှင် ပန်းခင်းတစ်ဧကလျှင် ပိဿာ(၁၅၀)ဝန်းကျင်ထွက်သည်။ တစ်ပိဿာလျှင် ကျပ်(၆၅၀)နှုန်းဖြင့် စိုက်ပျိုးရေးတောင်သူများထံ လာရောက်ဝယ်ယူကြသည်။ မိုးရွာသွန်းမှုများပြားခြင်း၊ ဆောင်းရာသီတွင် နှင်းရည်စက်များကျရောက်ခြင်းများရှိလာပါက ပန်းပွင့်များတွင် ရေဝင်ရောက်မှုကို တိုင်းတာ၍ ပန်းပွင့်အလေးချိန်ပေါ်မှ ပြန်လည်၍ အလေးချိန်နှုတ်ယူသည်ဟု ပန်းစိုက်တောင်သူက ပြောသည်။
ပန်းပွင့်များကို စတင်ခူးဆွတ်ချိန်တွင် (၈)ရက်တစ်ကြိမ်မှ (၁၀)ရက်၊ ၎င်းမှ (၁၂)ရက်စသည်ဖြင့် ပန်းများဖူးပွင့်နိုင်မှုအပေါ်မူတည်၍ ခူးဆွတ်ရသည်။ မာရီဂိုလ်းပန်းကို ဝတ်ဆံအား ဆေးဖော်စပ်ရာတွင် အသုံးပြုသည်။ လည်ချောင်းနာ၊ ပါးစပ်နာ၊ ကင်ဆာနှင့် အစာအိမ်အူသိမ်အနာပေါက်ခြင်းတို့ကို ကုသရန်အတွက်အသုံးပြုနိုင်ကြောင်း၊ အရေပြားကို လိမ်းပေးပါက အနာရောင်ကျစေခြင်း၊ အနာမကျက်နိုင်ခြင်းနှင့် ခြေထောက်အနာဖြစ်ခြင်းများကိုကုသခြင်း၊ နှာခေါင်းသွေလျံခြင်း၊ သွေးပြန်ကြောများ ထောင်နေခြင်း၊ လိပ်ခေါင်း၊ အူမကြီးရောင်ရမ်းခြင်းနှင့် မျက်ခွံအတွင်းသားရောင်ရမ်းခြင်းတို့ကို ကုသ ခြင်းနှင့် အခြားအရာများအတွက်လည်းအသုံးဝင်ပြီး တိရိစ္ဆာန်အစာအတွက်လည်း အသုံးပြုနိုင်သည်။ ရှာလာကာရည်နှင့် ဟင်းခတ်အမွှေးကြိုင်ပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ မာရီဂိုလ်းပန်းကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချပြီး ပန်းပွင့်ရရှိရန် အဓိကထားစိုက်ပျိုးခြင်းဖြစ်ကြောင်းနှင့် မိမိတို့ဒေသ တွင် စိုက်ပျိုးမှုအများဆုံးဖြစ်သည့် အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်းထက် ပိုမိုအဆင်ပြေသည်ဟု ပန်းစိုက်ပျိုးတောင်သူက ဆက်လက်ပြောသည်။
ယခုနှစ်တွင် စမ်းသပ်စိုက်ပျိုးရာ ရာသီဉတုကိုက်ညီမှုရှိသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရွှေဝါရောင်ပန်းပင်လယ်ကြီးဟု ရေပန်းစားလျက် လာရောက်အပန်းဖြေလည်ပတ်သူ၊ အလှဓာတ်ပုံရိုက်ကူးသူ များပြားပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည်။ ခရီးသွားပြည်သူများ လာရောက်လည်ပတ်ခြင်းဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်သည်။
မာရီဂိုလ်း(ခေါ်)ထပ်တရာပန်းကို နှစ်စဉ်စိုက်ပျိုးပါက ဝင်ငွေလည်ပတ်စီးဆင်းနိုင်ခြင်း၊ စီးပွားဖြစ် စိုက်ပျိုးနိုင်ပြီး ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေခြင်းဖြင့် ပန်းစိုက်ပျိုးတောင်သူများပြားလာပါက ဒေသထွက်ကုန်တစ်ခုဖြစ်လာနိုင်မည် ဖြစ်သည်။
အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် မာရီဂိုလ်းပန်းခင်းကြီးသည် ဟိုပုံးမြို့နယ်၊ ပေါင်းလင်းကျေးရွာအုပ်စု၊ တဖူးကိုင်းကျေးရွာတွင် အများဆုံးစိုက်ပျိုးထားရှိပြီး ဒေသအခေါ်အရ ဟိုပုံးမြင်းစီးကွင်းအနီး တောင်ခြေတွင်ရှိသော ရွှေဝါရောင်ပန်းပင်လယ်ဆီသို့ လာရောက် အပန်းဖြေလည်ပတ်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ခင်အိအိသန်း