တိုက်ကြီး အောက်တိုဘာ ၈
တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီက ဘူတာရပ်ကွက် မြို့နယ်အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ အသင်း ၃၅ သင်းဖြင့် အုပ်စု၈အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားကြရာ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် သနပ်ချောင်းကျေးရွာအုပ်စု ဘောလုံးအသင်းနှင့် အဖျောက်(၂)ရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဖျောက်(၂)ရပ်ကွက်မှ ၂ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပထမဆုဖလားရရှိသည့် အဖျောက်(၂)ရပ်ကွက် ဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလား၊ ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းနှင့် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်များ၊ ဒုတိယဆုရရှိသည့် သနပ်ချောင်းကျေးရွာအုပ်စုဘောလုံး အသင်းအား ဂုဏ်ပြုဆုငွေ ကျပ်(၇)သိန်းနှင့် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်များ၊ တတိယဆု ရရှိသည့် ဗန္ဓုလရပ်ကွက်ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းနှင့် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်များ၊ စတုတ္တဆု ရရှိသည့် ဖလုံဘူတာ ကျေးရွာအုပ်စုဘောလုံးအသင်းအား ဂုဏ်ပြုဆု ငွေကျပ်(၃)သိန်း၊ အသန့်ရှင်းဆုံးဆုရရှိသော အထရောင်ကျေးရွာအုပ်စု ဘောလုံးအသင်းအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း၊ အကောင်းဆုံး အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အကဲဖြတ်ဒိုင်အဖွဲ့၊ လုံခြုံရေးကူညီဆောင်ရွက်ပေးသည့် အရန်မီးသတ်တပ်ဖွဲ့နှင့်ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးသည့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့အား ဂုဏ်ပြုလက်ဆောင်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်သည်။
တိုက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဉက္ကဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင် ပြည်သူများ စုစုပေါင်း အင်အား(၁၅၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင် ( ပြန် / ဆက် )