ညောင်ရွှေ အောက်တိုဘာ ၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီက အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများ ညောင်ရွှေမြို့သို့ ဒေသစာရီ ကြွချီအပူဇော်ခံမည်ဖြစ်၍ ဖောင်တော်ဆိုက်ရောက်မည့်နေရာ ပြုပြင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်းလေးရေလယ် ဗိုလ်တဲသို့ သွားရောက်၍ ရေလယ်ဗိုလ်တဲတွင် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား ပွဲတော်ကာလတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် ဒေသခံတိုင်းရင်းသားများမှ (၄၆)တက် လှေပြိုင်ပွဲ စတင်အစမ်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက လှေပြိုင်အဖွဲ့သမားများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး အင်းလေးရေလယ်ဗိုလ်တဲ အနားယူအပန်းဖြေမည့်နေရာများ ပြုပြင်ဆောင်ရွက်နေမှုကိုကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာ(၁၅)ရက် သီတင်းကျွတ်လဆန်း(၁)ရက်နေ့တွင် ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများ အင်းလေးဒေသ(၂၁)ဌာနသို့ ကြွချီအပူဇော်ခံမည်ဖြစ်၍ ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားများနှင့် သီတင်းသုံးတော်မူသည့် ပလ္လင်တော် သန့်ရှင်းစင်ကြယ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဖူးမျှော်ကြည်ညို၍ ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆွမ်းဆက်ကပ်လှူဒါန်းပေးကြပြီး ဘုရားအတွက်အလှူငွေများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဒါန်းပေးကြရာ ဘုရားဂေါပက တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်းလေးဒေသ(၂၁)ဌာနသို့ ကြွချီအပူဇော်ခံမည့် ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား ကြွချီမည့် ကရဝိတ်ဖောင်တော်၊ ဘုရားကြွချီရာတွင် ဆွဲမည့်ရာကျော်ဆွဲလှေများ၊ အင်းတိန်စံကျောင်းတော်သို့ ကြွချီမည့်ကရဝိတ်ဖောင်တော် အသေးတို့ကို ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့ ထပ်အိမ်ဂူဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်၍ ကျောင်းသား/သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်များလှူဒါန်းပေးကြပြီး ထပ်အိမ်ဂူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း လက်ထောက်ဆရာတော်ဦးအာလောကထံ ငါးပါးသီလခံယူဆောက်တည်ကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ နဝကမ္မအလှူငွေများ၊ ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)