ပျော်ဘွယ်မြို့နယ်တွင် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့၌ ဆုရရှိသောသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၈

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့သည့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့မှု အခြေအနေများ၊ နောင်လာမည့် ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် တာဝန်ရှိသူများက အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူတို့က ပြန်လည်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)