ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် ကြက်မောက်ကျေးရွာရှိ ဒေသခံပြည်သူများအား အဖွဲ့ (၄)ဖွဲ့ ဖွဲ့စည်းထားပြီး အဖွဲ့တစ်ဖွဲ့လျှင် မတည်ရန်ပုံငွေ ၇.၅သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂.၅ သန်းတို့ဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ဒေါနအဖွဲ့နှင့် နှင်းဆီအဖွဲ့တို့မှ တစ်ဖွဲ့လျှင် ဆိတ် ၇၅ ကောင်နှုန်း မွေးမြူထားပြီး ပိတောက်အဖွဲ့နှင့် စံပယ်အဖွဲ့တို့မှ  တစ်ဖွဲ့လျှင်  နွား ၁၅ ကောင်တို့ကို မွေးမြူ၍ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၎င်း ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး နွားနှင့် ဆိတ်များ အလေအလွင့် မရှိစေရေး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် ကြက်မောက် ကျေးရွာတွင် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဆိတ်ကောင်ရေ ၁၅၀ မှ ဆိတ်အထီး ၂၂ ကောင်၊ ဆိတ်အမ ၃၅ ကောင် တိုးပွားခဲ့ပြီး နွားကောင်ရေ (၃၀)မှ နွားတစ်ကောင်လျှင် နွား ၁၅ ကောင် တိုးပွားလာခဲ့ကြောင်း သိရသည်။  

သိန်းမြင့်ကျော်(မိတ္ထီလာ)